ပုံမှန်ထုတ်ဝေလျက်ရှိတဲ့ နိုင်ငံပိုင်သတင်းစာများ၊ ပုဂ္ဂလိကသတင်းစာများဟာ ယခုလာမယ့် သင်္ကြန်ကာလအတွင်းမှာ
ထုတ်ဝေမှုကို ခေတ္တရပ်နားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။နိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေကတော့ သင်္ကြန်ကာလအတွင်း အလှည့်ကျထွက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီလို ထွက်ရှိရာမှာလည်း ဧပြီလ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ မြန်မာ့အလင်းသတင်းစာကို ထုတ်ဝေကာ ကြေးမုံသတင်းစာထုတ်ဝေမှုကိုတော့ ခေတ္တရပ်နားသွားမှာဖြစ်ပါတယ်။
အဲဒီနောက် ဧပြီလ(၁၇)ရက်နေ့မှစတင်ကာ ကြေးမုံသတင်းစာ ထုတ်ဝေမှုကို ပုံမှန်အတိုင်း ပြန်လည်ထုတ်ဝေသွားမှာဖြစ်ပြီး မြန်မာ့အလင်းသတင်းစာ ထုတ်ဝေမှုကိုတော့ သင်္ကြန်ကာလပြီးဆုံးပြီးနောက်ပိုင်း ဧပြီလ(၂၂)ရက်နေ့မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ထုတ်ဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် သင်္ကြန်ကာလအတွင်း သတင်းစာထွက်ရှိမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက အခုလိုဘဲ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ဝေလျက်ရှိတဲ့ မြို့တော်သတင်းစာဟာလည်း သင်္ကြန်ကာလ(၁၀)ရက်လုံး ထုတ်ဝေမှုကို ခေတ္တရပ်နားသွားမှာဖြစ်ပြီး သင်္ကြန်ကာလအပြီး ဧပြီလ(၂၂)ရက်နေ့မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ထုတ်ဝေလျက်ရှိတဲ့ ပုဂ္ဂလိကသတင်းစာတစ်ခုဖြစ်တဲ့ Day Daily News အနေနဲ့လည်း သင်္ကြန်ကာလအတွင်းမှာ ထုတ်ဝေမှု ခေတ္တရပ်နားသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါတင်မကဘဲ အခြားသော ပုဂ္ဂလိကသတင်းစာတွေဖြစ်တဲ့ စံတော်ချိန်သတင်းစာဟာလည်း ဧပြီလ(၁၂)ရက်နေ့မှ စတင်ကာ ဧပြီလ(၁၇)ရက်နေ့အထိ ထုတ်ဝေမှု ခေတ္တရပ်နားသွားမှာဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်ထုတ်ဝေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် The Daily Eleven နေ့စဉ်သတင်းစာထုတ်ဝေမှုကိုလည်း ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ ခေတ္တရပ်နားသွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ပြန်လည်ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ဝင်း

No comments:
Post a Comment